Mental Health Services for Myanmar Communities
helpling Myanmar people since 2021
volunteers from around the world
local and global partnership
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် Jue Jue's Safe Space သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော ၂၄/၇ (တစ်ပတ်လျှင် ၇ ရက်၊ တစ်ရက်လျှင် ၂၄ နာရီ) မိမိကိုယ်ကိုအဆုံးစီရင်မှုကာကွယ်ရေး အကူအညီဖုန်းလိုင်းကို စတင်တည်ထောင်ခဲ့သည်မှာ သုံးနှစ်တိတိ ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။
Jue Jue's Safe Space Organizationသည် Mental Health Strengthening Trainingများတွင် စိတ်ဖိစီးမှုများကို စနစ်တကျစီမံခန့်ခွဲလိုသူများ၊ စိတ်ပိုင်းဆိုင်ရာကျန်းမာကြံခိုင်လိုသူများအတွက် စာတွေ့သာမက လက်တွေ့အသုံးချနိုင်မည့်နည်းလမ်းများကို သင်ကြားပေးလျက်ရှိပါတယ်။
Jue Jue's Safe Space Organizationမှ လူကိုယ်တိုင်တက်ရောက်နိုင်ပြီး မိမိတို့ရဲ့အတွေ့အကြုံများကို လုံခြုံစိတ်ချစွာဖွင့်ဟတိုင်ပင်ရင်း အချင်းချင်းအားပေးကူညီနိုင်ရန် In-person Support Group များကိုလဲ လုပ်ဆောင်ပေးလျက်ရှိပါတယ်။
Jue Jue’s Safe Space မှ စစ်ဘေးရှောင်ပြည်သူများအတွက် "ခွန်အားပေးမေတ္တာစာစောင်" ကမ်ပိန်းကို ပြုလုပ်လျက်ရှိပါတယ်။ နေရပ်စွန့်ခွာရုန်းကန်နေရသူများ စိတ်ဓာတ်မကျဘဲ ခံနိုင်ရည်ရှိရှိကျော်ဖြတ်နိုင်ရန် သင်၏အားပေးစကားတစ်ခွန်းက ကြီးမားသောခွန်အားဖြစ်စေပါတယ်။ ပေးပို့လာသောမေတ္တာစာစောင်များကို မြေပြင်ရှိစစ်ဘေးရှောင်များထံ တိုက်ရိုက်ဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်။


Jue Jue’s Safe Space နှင့် Wild Flower Community Support Centre တို့ ပူးပေါင်း၍ မဲဆောက်ရောက် မြန်မာများအတွက် "လက်ဖက်စကား" Support Group ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ပုံမှန်ပြုလုပ်လျက်ရှိပါသည်။ အပတ်စဉ် မတူညီသော ခေါင်းစဉ်များကိုအခြေခံ၍ မိမိတို့၏အတွေ့အကြုံများနှင့်ရင်ဖွင့်စကားများကို လုံခြုံစိတ်ချရသောပတ်ဝန်းကျင်တစ်ခုတွင် နွေးထွေးစွာဖလှယ်နိုင်ရန်ဖန်တီးပေးထားသည့် စကားဝိုင်းတစ်ခုဖြစ်ပါသည်။
Jue Jue’s Safe Space နှင့် ပိတောက်ဖူး (Padauk Phoo) တို့ပူးပေါင်း၍ စစ်နှင့်ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာနေကြရသူများအတွက် စိတ်ပိုင်းဆိုင်ရာပံ့ပိုးကူညီမှုအစီအစဉ်များကိုဆောင်ရွက်ပေးနေပါသည်။ လူကြီးမင်းတို့အနေဖြင့် စိတ်ဓာတ်ခွန်အားများပြန်လည်ရရှိစေရန်၊ အတွေ့အကြုံတူသူများအကြားအပြန်အလှန်ဖေးမကူညီနိုင်ရန်နှင့် ခက်ခဲသောကာလများကိုကြံ့ကြံ့ခံကျော်ဖြတ်နိုင်မည့် စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုများရရှိစေရန်ရည်ရွယ်ပါသည်။
Jue Jue’s Safe Space မှ မဲဆောက်မြို့ရှိ မိဘပြည်သူများအတွက် Joy Houseနှင့်ပူးပေါင်း၍ Mental Health Strengthening Training များကို စာတွေ့သာမက လက်တွေ့ဆွေးနွေးမှုများ၊ မိမိကိုယ်တိုင်လေ့လာဆန်းစစ်နိုင်မည့် မေးခွန်းများနှင့် ပျော်ရွှင်စရာလှုပ်ရှားမှုများနှင့်အတူ လေ့လာနိုင်စေရန်ပြုလုပ်ထားပါသည်။
Jue Jue’s Safe Space သည် Social Action for Children and Women (SAW) နှင့် ပူးပေါင်း၍ လူငယ်များအတွက် စိတ်ကျန်းမာရေးမြှင့်တင်မှုအစီအစဉ်များကိုလုပ်ဆောင်ပေးလျက်ရှိပါသည်။ ပျော်ရွှင်စရာကောင်းသောလှုပ်ရှားမှုများမှတစ်ဆင့် လူငယ်များအနေဖြင့် မိမိကိုယ်ကိုရှာဖွေတွေ့ရှိမှုခရီးစဉ်တွင်ကြုံတွေ့ရသည့် စိန်ခေါ်မှုများ၊ အခြားသူများကို ကူညီဖေးမခဲ့သည့်အတွေ့အကြုံများနှင့် မိမိတို့၏ခံစားချက်များကို ပွင့်လင်းလုံခြုံစွာမျှဝေနိုင်ရန် ဖန်တီးပေးထားပါသည်။
Jue Jue’s Safe Space သည် ထိုင်းနိုင်ငံ၊ မယ့်ဟောင်ဆောင်ရှိ Ban Mai Nai Soi Refugee Campတွင် မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှကာကွယ်ရေးသင်တန်းကို ပို့ချခဲ့ပါသည်။ နေရပ်စွန့်ခွာရုန်းကန်နေရသည့် လူမှုအသိုက်အဝန်းများတွင် ကြုံတွေ့ရလေ့ရှိသော စိတ်ပိုင်းဆိုင်ရာဖိအားများကို နားလည်စာနာသောအားဖြင့် စိတ်ဒဏ်ရာ၏ရှေ့ပြေးလက္ခဏာများကိုသိရှိနိုင်ရန်နှင့် အရေးပေါ် စိတ်ပိုင်းဆိုင်ရာကူညီဖေးမမှု (Emotional First Aid) ပေးနိုင်ရန်ရည်ရွယ်ပါသည်။
Jue Jue’s Safe Space သည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှကာကွယ်ရေးသင်တန်းကို တစ်နှစ်လျှင် (၁) ကြိမ်မှ (၂) ကြိမ်အထိ လူကိုယ်တိုင်တက်ရောက်နိုင်သည့်စနစ်ဖြင့်ပုံမှန်ဖွင့်လှစ်ပေးလျက်ရှိပါသည်။
Jue Jue's Safe Space ရဲ့ Collective Healing Initiatives လုပ်ငန်းစဉ်များထဲမှ Community Well Being လုပ်ဆောင်ချက်တစ်ခုဖြစ်တဲ့ Training Session လေးကို Resilience Women's Creative Network နဲ့ပူးပေါင်းပြီးပြုလုပ်ခဲ့ပါတယ်။
Jue Jue’s Safe Space သည် ပညာရှင်များ၊ ဖေးမကူညီသူများနှင့် ဒေသခံပြည်သူများ အတူတကွဆုံစည်းနိုင်မည့် Annual Mental Health Conferenceကို ကြီးမှူးကျင်းပလျက်ရှိပါသည်။ ဤညီလာခံသည် စိတ်ကျန်းမာရေးဆိုင်ရာဗဟုသုတများကိုမျှဝေရန်၊ လက်ရှိကြုံတွေ့နေရသောစိန်ခေါ်မှုများကိုဆွေးနွေးရန်နှင့် ကျွန်ုပ်တို့၏စိတ်ဓာတ်ခွန်အားများကိုစုပေါင်းမြှင့်တင်ရန်အတွက် အဓိကကျသောဆုံရပ်တစ်ခုဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဤညီလာခံမှတစ်ဆင့် စိတ်ပိုင်းဆိုင်ရာပံ့ပိုးကူညီမှုနည်းလမ်းသစ်များကိုဖော်ဆောင်ပြီး စိတ်ကျန်းမာရေးကိုတန်ဖိုးထားသည့် ပိုမိုခိုင်မာသောကွန်ရက်တစ်ခုတည်ဆောက်ရန်ရည်ရွယ်ပါသည်။





မြေငလျင်သဘာဝ ဘေးအန္တရာယ်တွေကြောင့် လိုအပ်တဲ့နေရာတွေမှာ Humanitarian Aid နဲ့ Mental Health Services တွေပေးဖို့ ပြည်သူ့ဂုဏ်ရည် ဟာဝိုင်အီဌာနခွဲနှင့် Jue Jue’s Safe Space မှ ပူပေါင်းပြီး ရန်ပုံငွေရှာပွဲကိုကျင်းပခဲ့ကြပါတယ်။


ကျွန်ုပ်တို့အဖွဲ့အစည်းသည် ပြည်ပရောက်မြန်မာလူထုအတွက် ယုံကြည်စိတ်ချရသော စိတ်ကျန်းမာရေးဆိုင်ရာအထောက်အကူပြုအဖွဲ့အစည်းအဖြစ်ရပ်တည်ကာ အခက်အခဲများကိုအတူတကွကျော်ဖြတ်ပေးလျက်ရှိပါသည်။ နားလည်စာနာမှုအပြည့်ရှိသောနှစ်သိမ့်ဆွေးနွေးမှုများနှင့် စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုများမှတစ်ဆင့် ပြည်ပတွင်ဘဝသစ်တည်ဆောက်နေရသူများ၏ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနှင့် ကုစားမှုများအတွက် ဘေးကင်းလုံခြုံသောဝန်းကျင်တစ်ခုကိုဖန်တီးပေးနေပါသည်။


Jue Jue’s Safe Space သည် အမေရိကန်ပြည်ထောင်စုရှိ မြန်မာ့အသိုင်းအဝိုင်းအတွက် ပထမဆုံးအကြိမ်အဖြစ် ကျင်းပသည့် စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကယ်လီဖိုးနီးယားပြည်နယ်၊ Bay Area တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီဖြစ်ပါသည်။ ဤဟောပြောပွဲသည် ပြည်ပရောက်မြန်မာမိသားစုများကြုံတွေ့ရသည့် စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်များကိုဖေးမကူညီရန်နှင့် အချင်းချင်းချိတ်ဆက်နိုင်ရန်ရည်ရွယ်၍ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။


Jue Jue’s Safe Space ၏ အမေရိကန်ပြည်ထောင်စုဟောပြောပွဲခရီးစဉ်၏ ဒုတိယမြောက်အစီအစဉ်ကို အရီဇိုးနားပြည်နယ်၊ ဖီးနစ်(စ်)မြို့တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီဖြစ်ပါသည်။ ယခုဟောပြောပွဲကို အရီဇိုးနားပြည်နယ်ရှိ 'စနေဝိုင်း' မိသားစုများ၊ ပြည်သူ့ဂုဏ်ရည်အသင်း (အရီဇိုးနားဌာနခွဲ) နှင့် Jue Jue’s Safe Space တို့ ပူးပေါင်း၍ အရီဇိုးနားရှိ မြန်မာ့အသိုင်းအဝိုင်းအတွက် စိတ်ကျန်းမာရေးအသိပညာပေးရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ပါသည်။


Jue Jue’s Safe Space ၏ အမေရိကန်ပြည်ထောင်စုဟောပြောပွဲခရီးစဉ် တတိယပိုင်းအစီအစဉ်အဖြစ် Great Decision Group ၏ ဖိတ်ကြားချက်အရ မြန်မာ့နိုင်ငံရေးအခြေအနေများကို စိတ်ကျန်းမာရေးရှုထောင့်မှဆွေးနွေးတင်ပြခဲ့ပါသည်။ ဤဆွေးနွေးမှုတွင် မြန်မာနိုင်ငံအရေးအတွက် ပိုမိုကောင်းမွန်သောပူးပေါင်းဆောင်ရွက်မှုများပေါ်ပေါက်လာစေရန် စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုများ၏အခန်းကဏ္ဍကို အဓိကထားတင်ပြခဲ့ခြင်းဖြစ်ပါသည်။


စက်တင်ဘာလသည် အပြည်ပြည်ဆိုင်ရာ မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှကာကွယ်တားဆီးရေးလဖြစ်သည်နှင့်အညီ Jue Jue’s Safe Space အနေဖြင့် အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်အီပြည်နယ်တွင် ကျင်းပပြုလုပ်ခဲ့သည့် 'Out Of Darkness' လမ်းလျှောက်ပွဲ၌ ဂုဏ်ယူစွာပါဝင်ဆင်နွှဲခဲ့ပါသည်။ ဤလှုပ်ရှားမှုသည် အခက်အခဲများကြားရောက်ရှိနေသူများအတွက် မျှော်လင့်ချက်အလင်းရောင်ဖော်ဆောင်ပေးရန်နှင့် အသိပညာပေးမှုများမှတစ်ဆင့် အသက်ပေါင်းများစွာကိုကယ်တင်နိုင်ရန်ရည်ရွယ်ပါသည်။


Jue Jue’s Safe Space ၏ တစ်ဦးချင်း တိုင်ပင်ဆွေးနွေးပေးသည့် ဝန်ဆောင်မှုကို Master Degree ရရှိပြီးသည့် နိုင်ငံတကာ အဆင့်မှီ အသိအမှတ်ပြု စိတ်ကျန်းမာရေး Counselor များနှင့်ရရှိနိုင်ပါတယ်။ စိတ်ကျန်းမာရေးဆိုင်ရာ တစ်ဦးချင်း ဆွေးနွေးကုသရာတွင် တစ်ကြိမ်လျှင် မိနစ် (၅၀)မှ (၆၀)မိနစ် ကြာမြင့်မှာဖြစ်ပြီး ကုသခံယူသူနှင့် Counselor နှစ်ဦးအပြန်အလှန် နှစ်သိမ့်ဆွေးနွေးခြင်းဖြစ်ပါတယ်။ တစ်ဦးချင်းတိုင်ပင်ဆွေးနွေးမှုရယူလိုပါက Jue Jue’s Safe Space ၏ Facebook Chat box ကနေတစ်ဆင့် booking ပြုလုပ်နိုင်ပါပြီ။
Jue Jue’s Safe Space သည် ကုမ္ပဏီနှင့် လုပ်ငန်းခွင်များအတွင်း ကြုံတွေ့ရလေ့ရှိသော အလုပ်ခွင်ဖိစီးမှုများကို ဖြေရှင်းပေးနိုင်ရန်အတွက် အဖွဲ့လိုက် စိတ်ပညာဆိုင်ရာ တိုင်ပင်ဆွေးနွေးမှု (Group Counseling) ဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိပါသည်။ ဤဝန်ဆောင်မှုသည် စိတ်ပိုင်းဆိုင်ရာစိန်ခေါ်မှုများကြုံတွေ့နေရသူများကို လိုအပ်သောပံ့ပိုးကူညီမှုများပေးရန်နှင့် လုပ်ငန်းခွင်အတွင်း (သို့မဟုတ်) မိမိတို့၏ပတ်ဝန်းကျင်တွင် စိတ်အေးချမ်းသာစွာဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်မည့်အခြေအနေကောင်းများဖန်တီးပေးရန် ရည်ရွယ်ပါသည်။
အိမ်ထောင်ရေး၊ အချစ်ရေးနှင့် အခြားသောပတ်သက်ဆက်နွှယ်မှုဆိုင်ရာအခက်အခဲများကိုဖြေရှင်းလိုသည့် စုံတွဲများအတွက် Jue Jue’s Safe Space တွင် လုံခြုံစိတ်ချရသော စုံတွဲလိုက် တိုင်ပင်ဆွေးနွေးမှု (Couple Counseling)ဝန်ဆောင်မှုကို ပေးအပ်လျက်ရှိပါသည်။ ဤဝန်ဆောင်မှုကို မဟာဘွဲ့ရ (Master Level) ကျွမ်းကျင်စိတ်ကျန်းမာရေးပညာရှင်များက တာဝန်ယူဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး ဆွေးနွေးမှုတစ်ခုလျှင် မိနစ် ၅၀ မှ ၆၀ အထိ ကြာမြင့်မည်ဖြစ်ပြီး စုံတွဲနှင့် နှစ်သိမ့်ဆွေးနွေးသူကြား နှစ်ဦးနှစ်ဖက်စိတ်အေးချမ်းသာစွာဖြင့် ပွင့်လင်းစွာဆွေးနွေးနိုင်မည့် ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးပေးထားပါသည်။ အသေးစိတ်သိရှိလိုပါက Jue Jue’s Safe Space ၏ Facebook Page Chat box မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။



Jue Jue's Safe Spaceအဖွဲ့အစည်းသည် သဘာဝဘေးအန္တရာယ်နှင့် စစ်ဘေးဒဏ်ကိုခံစားနေရသောပြည်သူများ၏ အရေးပေါ်လိုအပ်ချက်များနှင့် ရေရှည်တည်တံ့သော လူမှုဘဝပြန်လည်ထူထောင်ရေးတို့အတွက် ဘက်စုံကူညီပံ့ပိုးပေးလျက်ရှိပါသည်။ အခြေခံလူသုံးကုန်ပစ္စည်းများမှစ၍ အခြေခံအဆောက်အအုံနှင့် စွမ်းအင်လိုအပ်ချက်များအထိ ဖြည့်ဆည်းပေးခြင်းဖြင့် နေရပ်စွန့်ခွာရသူများ၏ ဘဝလုံခြုံမှုနှင့် မျှော်လင့်ချက်များကို ပြန်လည်ဖော်ဆောင်ပေးနေပါသည်။
Online Learning Platform
Jue Jue’s Safe Space ကနေသင်ကြားပို့ချပေးထားခဲ့တဲ့ စိတ်ကျန်းမာရေးဆိုင်ရာပညာရပ်များကို အချိန်မရွေး၊ နေရာမရွေး တဝကြီးသင်ယူလို့ရတော့မယ့် online learning platform တစ်ခု ရောက်ရှိလာပါပြီ။
ဒီ platform ကို Lifelong Learning (Triple L“L3”) လို့ခေါ်ပြီး လူကြီးမင်းတို့အနေနဲ့ လေ့လာသင်ယူဖို့အတွက် အားခဲထားတဲ့ အကြောင်းအရာအမျိုးစုံကို တနေရာထဲ မိမိရဲ့ အားလပ်ချိန်တွေမှာ စိတ်တိုင်းကျ လေ့လာခွင့်ရမှာ ဖြစ်ပါတယ်။
Triple L “L3” မှာလေ့လာလို့ရမယ့် သင်တန်းတွေကတော့ Jue Jue’s Safe Space မှ စိတ်ပညာဘာသာရပ်ကို ကျွမ်းကျင်တဲ့ Qualified စိတ်ပညာဆိုင်ရာ ပညာရှင်များကိုယ်တိုင် ပို့ချပေးခဲ့တဲ့ training နဲ့ workshop များအပြင် အခြားသောသင်တန်းများ၊အကြောင်းအရာများအစုံအလင်ပါရှိမှာ ဖြစ်ပါတယ်။
ဒီလိုတထိုင်တည်းလေ့လာခွင့်ရမယ့် အခွင့်အရေးကို စိတ်ပါဝင်စားတဲ့သူများအနေနဲ့ Jue Jue’s Safe Spaceမှာ ဝယ်ယူရရှိနိုင်မည့် သင်တန်းများကိုဖော်ပြပေးလိုက်ရပါတယ်။
သင်တန်းများ ဝယ်ယူလေ့လာလိုပါက Jue Jue’s Safe Space Facebook Page ရဲ့ chat boxကနေတစ်ဆင့် ဆက်သွယ်မေးမြန်း ဝယ်ယူနိုင်ပါပြီ။






24/7 Helpline
လက်ရှိမှာ ဖြစ်ပေါ်ကြုံတွေ့နေရတဲ့ မြေငလျင်သဘာဝ ဘေးအန္တရာယ်တွေကြောင့် စိတ်ဓာတ်ကျပြီး မွန်းကြပ်နေတယ်လို့ ခံစားနေရပါသလား။
မိသားစုတွေ၊ ချစ်ခင်ရတဲ့သူတွေအတွက် အဘက်ဘက်က စိုးရိမ်ပူပန်နေရပါသလား။
သူများသာကူပေးရမယ့် ကိုယ်တိုင်လည်းမနည်းရုန်းကန်နေရသလား။
အခုလိုတွေခံစားနေရတာကို လုံခြုံစိတ်ချရတဲ့သူတစ်ယောက်ယောက်ဆီ ရင်ဖွင့်ပြောဆိုချင်ပါသလား။
အခုလို ပူပန်မွန်းကြပ်မှုတွေကို ခံစားနေရသူတွေအတွက် ကျွန်မတို့ Jue’s Safe Space ရဲ့ Helpline တစ်ခုဖြစ်တဲ့ Disaster Distress Helpline က ၂၄နာရီ အမြဲအသင့်ရှိနေပါတယ်။



