မျှော်လင့်ခြင်း သုံးနှစ်၊ အသက်ကယ်ခြင်း သုံးနှစ်
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် Jue Jue's Safe Space သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော ၂၄/၇ (တစ်ပတ်လျှင် ၇ ရက်၊ တစ်ရက်လျှင် ၂၄ နာရီ) မိမိကိုယ်ကိုအဆုံးစီရင်မှုကာကွယ်ရေး အကူအညီဖုန်းလိုင်းကို စတင်တည်ထောင်ခဲ့သည်မှာ သုံးနှစ်တိတိ ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။
သုံးနှစ်အတွင်း ဤဖုန်းလိုင်းသည် ရှေ့ဆက်လှမ်းရန် လမ်းမရှိဟု ခံစားခဲ့ရသူ ရာပေါင်းများစွာအတွက် အသက်ကယ်ကြိုးပမ်းမှု တစ်ရပ်ဖြစ်ခဲ့ပါသည်။ တစ်နှစ်ပတ်လုံး ၃၆၅ ရက်၊ တစ်ပတ်လျှင် ၇ ရက်၊ တစ်ရက်လျှင် ၂၄ နာရီ ဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံအတွင်သာမက နိုင်ငံရပ်ခြားရှိ မည်သူမဆို အရေးပေါ် စိတ်ပိုင်းဆိုင်ရာ အကူအညီလိုအပ်နေပါက အခမဲ့ အသုံးပြုနိုင်ပါသည်။
ကျွန်ုပ်တို့ ၂၀၂၂ ခုနှစ် တွင် ဤ Helpline ကို စတင်ခဲ့စဉ်ကတည်းက မြန်မာနိုင်ငံသည် စစ်ပွဲ၊ နိုင်ငံရေး အခြေအနေမငြိမ်မသက်ဖြစ်မှု၊ ဆင်းရဲနွမ်းပါးမှုနှင့် အိုးမဲ့အိမ်မဲ့ဖြစ်ရခြင်းစသော ပြင်းထန်သည့် ဝန်ထုပ်ဝန်ပိုးများနှင့် ရင်ဆိုင်နေရပြီးဖြစ်ပါသည်။ ထိုအချိန်မှစ၍ ဤစိန်ခေါ်မှုများမှာ ပိုမိုပြင်းထန်လာခဲ့ပါသည်။ သဘာဝဘေးအန္တရာယ်များ၊ အတင်းအကျပ်စစ်မှုထမ်းခိုင်းမှုများနှင့် ဆိုးရွားလာသော စီးပွားရေးအခက်အခဲများသည် လူများစွာကို စိတ်ဓာတ်ကျဆင်းမှု အစွန်းသို့ ရောက်ရှိစေခဲ့ပါသည်။
ဤသုံးနှစ်အတွင်း Jue Jue's Safe Space သို့လာရောက် အကူအညီတောင်းခံကြသူများအား ကျွန်ုပ်တို့သည် အောက်ပါ ပံ့ပိုးကူညီမှုများအား ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
အရေးပေါ်အခြေအနေရှိသူ ၊ကြုံတွေ့ရသူ ၄၀၀ ကျော်၏ အသက်ကို ကယ်တင်ခဲ့ပြီး ဖုန်းခေါ်ဆိုမှုပေါင်း အကြိမ်ရေများစွာ ကို လက်ခံဖြေကြားပေးခဲ့ပါသည်။
စေတနာ့ဝန်ထမ်း အနေဖြင့် အကူအညီပေးကြသူများအားလည်း အပတ်စဉ် (၁၁) ခု အထိ လေ့ကျင့်သင်ကြားပေးခဲ့ပြီး၊ အမေရိကန် စံချိန်စံညွှန်းများနှင့်အညီ မိမိကိုယ်ကိုအဆုံးစီရင်မှုကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ထိရောက်စွာ လုပ်ဆောင်နိုင်ရန်အတွက် လစဉ် ကြီးကြပ်မှုနှင့် အဆက်မပြတ် ပညာရေးပို့ချမှုများ ကိုလည်း ပေးခဲ့ပါသည်။
မြန်မာဘာသာစကားနှင့် အင်္ဂလိပ်ဘာသာစကားများဖြင့် ယဉ်ကျေးမှုနှင့်လည်းကိုက်ညီပြီး စိတ်ဒဏ်ရာအခြေပြု စောင့်ရှောက်မှုများ ကို ပေးအပ်ခဲ့ပါသည်။
မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုရှိ မြန်မာ့အသိုင်းအဝိုင်းများအတွက် ယုံကြည်အားထားရသော ရပ်ဝန်းတစ်ခုအဖြစ် ယုံကြည်မှုတည်ဆောက်နိုင်ခဲ့ပါသည်။
ယနေ့အချိန်တွင် Jue Jue's Safe Space သည် မျှော်လင့်ခြင်းများကို အရှိန်မြှင့်တင် သယ်ဆောင်လာနေသော ရထားတစ်စင်းနှင့်တူသည် - အရှိန်ပိုမိုမြင့်တက်လာ၊ အသက်ပိုမိုကယ်တင်နိုင်လာပြီး အခက်အခဲများကို လည်း ရပ်တန့်မသွားပဲ ရင်ဆိုင်ဖြေရှင်းသွားမည်ဖြစ်ပါသည်။ ဤအရေးကြီးသော ပံ့ပိုးကူညီမှုကို ဆက်လက်ပေးအပ်နိုင်ရန်အတွက် ကျွန်ုပ်တို့သည် ငွေကြေးအထောက်အပံ့ များကိုလည်း လိုအပ်လျက်ရှိနေပါသည်။
ဒါနရှင်များ၏ ရက်ရောမှုမရှိပါက၊ ဤအသက်ကယ်သည့် အခမဲ့ဝန်ဆောင်မှုကို ဆက်လက်ပေးနိုင်မည် မဟုတ်ပါ။ ဒါနရှင်များ၏ လှူဒါန်းငွေသည် စေတနာ့ဝန်ထမ်းများ၏ လေ့ကျင့်သင်ကြားရေး၊ ကြီးကြပ်မှု၊ နည်းပညာနှင့် ၂၄ နာရီ ရှိနေမှုအတွက် တိုက်ရိုက်သုံးစွဲခြင်းဖြစ်ပါသည်။
ယနေ့ ဒါနရှင်များ ပေးလှူသော အလှူငွေသည် ယခုပင် အသက်တစ်ချောင်းကို ကယ်တင်နိုင်ပါသည်။
ကျွန်ုပ်တို့၏ Suicide Prevention Helpline စတုတ္ထမြောက်နှစ်သို့ ခြေစုံပစ်ဝင်ရောက်လာချိန်တွင် ကျွန်ုပ်တို့နှင့်အတူ ရပ်တည်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။- ပိုမိုအားကောင်း၊ ပိုမိုမြန်ဆန်၊ မြန်မာနိုင်ငံသူနိုင်ငံသားများ၏ အသက်များကို ကာကွယ်ပေးရန်နှင့် မျှော်လင့်ခြင်းအလင်းရောင်ကို ပေးနိုင်ရန် ယခင်ကထက်ပိုမို၍ စိတ်ပိုင်းပြည့်ဝပြင်ဆင်ထားသော Jue Jue's Safe Space ဖြစ်ပါသည်။
ကျွန်ုပ်တို့သည် အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီပြည်နယ်အခြေစိုက် 501(c)(3) မှတ်ပုံတင်ထားသော အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်ပါသည်။ လှူဒါန်းငွေအားလုံးသည် အခွန်ကောက်ခံမှုမှ ကင်းလွတ်ခွင့်ရှိပါသည်။
အတူတကွ ဆက်လက်၍ အသက်များကို ကယ်ဆယ်ကြပါစို့။
အကြောင်းမှာ... အသက်တိုင်းသည်အဖိုးတန်လှသောကြောင့်ဖြစ်ပါသည်။