About Jue Jue’s Safe Space

Jue Jue's Safe Space Organization သည် ၂၀၁၉ခုနှစ်တွင် Facebook page တစ်ခုအနေဖြင့် စတင်ခဲ့ကာ ၂၀၂၁ခုနှစ်မှစတင်၍ Non-profit organization အနေဖြင့် အမေရိကန်နိုင်ငံတွင် ရပ်တည်လာခဲ့တာဟာ အခုဆိုရင် (၃)နှစ်တာကာလကို ကျော်လွန်လာခဲ့ပြီ ဖြစ်ပါတယ်။  

          Jue Jue's Safe Space ၏တည်ထောင်သူ မဂျူးဂျူးမင်းသူဟာဆိုရင်ဖြင့်  Social Worker တစ်ဉီးဖြစ်သည့်အလျောက် Social Justice ကို အဓိကတန်ဖိုးထားပြီး society တွင် ကြုံတွေ့ခံစားနေရသည့် စိတ်မကျန်းမာမှုများနှင့် ပတ်သက်၍  အခြားသောအဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ စိတ်ကျန်းမာရေးဝန်ဆောင်မှုများပေးခြင်းနှင့် အဖွဲ့အစည်းအတွက် သင်တန်းပေးရန်လိုအပ်သူများကို Private Training Sessionများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ထို့ပြင် မြန်မာနိုင်ငံရှိ အခြားသောအမျိုးသမီးများဉီးဆောင်သည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ စိတ်ကျန်းမာရေးဆွေးနွေးတိုင်ပင်ပေးသည့် ဝန်ဆောင်မှုပေးခြင်းများ ပြုလုပ်လျက်ရှိပါတယ်။ လက်ရှိတွင် အမျိုးသမီး အဖွဲ့အစည်းပေါင်း (၆) ခုနှင့် လက်တွဲခဲ့ပြီးဖြစ်ကာ  ထိုအဖွဲ့အစည်းများမှ အမျိုးသမီး (၉၀) ကျော်ကို စိတ်ကျန်းမာရေးဆိုင်ရာ Training ပေးခဲ့ပြီး အမျိုးသမီး (၅၀) ကျော်ကို Group Counseling  များ ဆောင်ရွက်ပေးခဲ့ပါတယ်။

          ထို့ပြင် မျက်မှောက်ကာလ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကြပ်အတည်းများ၏ ရိုက်ခတ်များကြောင့် စိတ်မကျန်းမာမှုများ ခံစားရနေရသူများကို စိတ်ကျန်းမာရေး အသိပညာပေးခြင်းနှင့် သင်တန်းများပို့ချခြင်း (Psychoeducation)၊ စိတ်ကျန်းမာရေးနှင့် သက်ဆိုင်သည့်ဟောပြောပွဲများနှင့် ဆွေးနွေးပွဲများကျင်းပပေးခြင်း၊ စိတ်ကျန်းမာရေးဆိုင်ရာကောင်းမွန်သော ပြောင်းလဲမှုများအတွက် လှုပ်ရှားမှုများ ပြုလုပ်ခြင်း နှင့် နှစ်သိမ့်ဆွေးနွေးခြင်း (Counseling) စသည့် ကဏ္ဍများစွာ ပြုလုပ်လျက်ရှိပါတယ်။ Jue Jue’s Safe Space အနေဖြင့် လက်တွေ့ပြန်လည်အသုံးချနိုင်သည့် အမေရိကန်အသိအမှတ်ပြု သင်ရိုးညွှန်းတမ်းများနှင့်တကွ အသိအမှတ်ပြုဘွဲ့လက်မှတ်ရ ဆရာ၊ ဆရာမများဖြင့် သင်တန်းများကိုလည်း တစ်လတစ်ကြိမ်၊ သုံးလတစ်ကြိမ်စသည်ဖြင့် ပြုလုပ်လျက်ရှိပါတယ်။ သင်တန်းတိုင်းတွင် စိတ်ကျန်းမာရေးနှင့် ပတ်သက်၍ စိတ်အားထက်သန်သူများကိုလည်း ပညာသင်ဆုများ ပေးအပ်လျက်ရှိပါတယ်။  ထိုသင်တန်းများစွာကို အခြားအဖွဲ့အစည်းများစွာဖြင့်လည်း လက်တွဲလုပ်ကိုင်လျက်ရှိကာ ယခုအချိန်မှာဆိုရင်ဖြင့် လူပေါင်း (၂၀၀) ကျော်ကို စိတ်ကျန်းမာရေးဆိုင်ရာTraining များ ပံ့ပိုးပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ထို့ပြင် Free Mindfulness Bootcamp၊ Mom Supports Groupစသည့် program များသာမက East-West Center တို့နှင့် ပူးပေါင်း၍လည်း စိတ်ကျန်းမာရေး Free Campaign များပြုလုပ်ပြီး လူပေါင်းများစွာကို စိတ်ကျန်းမာရေးအသိပညာ၊ စိတ်ကျန်းမာရေးပံ့ပိုးမှုများ ပြုလုပ်လျက်ရှိပါတယ်။

          Jue Jue Safe Space ၏ ရည်ရွယ်ချက်ဟာဆိုရင်ဖြင့် လူသားတိုင်း၏ ဘဝခရီးလမ်းတွင် စစ်မှန်သော ရင်တွင်းငြိမ်းချမ်းရေးကို ကူညီရှာဖွေရင်း ငြိမ်းချမ်းရေးခရီးစဉ်တွင် လိုအပ်သည့်အကူအညီများကို ပေးသွားနိုင်ရန်နှင့် စိတ်ကျန်းမာရေးသည် လူသားတိုင်း၏ ဘဝအစိတ်အပိုင်းတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ကြောင်းကို လက်ခံ လာပြီး စိတ်ကျန်းမာ‌ရေးကို ပိုမိုဂရုစိုက်လာစေရန် တစ်ဖက်တစ်လမ်းမှ ကိုယ်စွမ်း၊ ဉာဏ် စွမ်းရှိသလောက် ကြိုးစားသွားရန်ပင်ဖြစ်ပါတယ်။

          ထို့အပြင် လူမှုအသိုင်းအ၀ိုင်းအတွင်းတွင် မတူညီသောနောက်ခံများ၊ အသက်၊ လိင်ကွဲပြားမှုများ၊ လိင်စိတ်ခံယူချက်များ၊ မသန်စွမ်းမှုများ၊ ဘာသာတရား၊ ယဉ်ကျေးမှုများ နှင့် ဘဝအမြင်များ မတူညီကွဲပြားကြသည်ကို သိရှိလက်ခံထားပါတယ်။

          သို့ဖြစ်ပါ၍ Jue Jue’s Safe Space အနေဖြင့် မြန်မာပြည်ဖွားတိုင်းရင်းသားလူမျိုးများ တစ်ဦးတစ်ယောက်ချင်းစီ၏ စိတ်ကျန်းမာရေးတိုးတက်ကောင်းမွန်မှုကို အလေးပေးကာ မြန်မာပြည်တစ်ဝှမ်းငြိမ်းချမ်းရေးကို ရှေးရှုဆောင်ရွက်သွားမည်ဟု ခံယူချက်ပြုပါသည်။

          Jue Jue’s Safe Space organization အနေဖြင့် မတူကွဲပြားသောအကြောင်းအရာများကို တစ်နေရာထဲ၌ စုစည်းလေ့လာနိုင်ရန် အခန်းကဏ္ဍပေါင်းစုံမှ အသိပညာရှင် အတတ်ပညာရှင်များစွာဖြင့် စိတ်ကျန်းမာရေးညီလာခံများကို  နှစ်စဉ် ကျင်းပလျက်ရှိပါတယ်။

          2022  ခုနှစ်တွင် Jue Jue's Safe Space မှ ပထမဆုံးအကြိမ် စိတ်ကျန်းမာရေးဆိုင်ရာ ညီလာခံ(First Annual Mental Health Conference) ကို Renewing Hope" "မျှော်လင့်ချက်အသစ်တစ်ဖန်" အမည်ဖြင့် ဦးစီးပြုလုပ်ခဲ့ပါတယ်။ ညီလာခံမှာဆိုရင်ဖြင့် မြန်မာပြည်အတွင်း အလွန်အမင်းအရေးကြီးသည့်အချိန်တွင် လူတိုင်းလူတိုင်းအတွက် "စိတ်ကျန်းမာရေးသည်အရေးကြီးကြောင်း၊ ဂရုစိုက်သင့်ကြောင်း ၊ လူ့ဘောင်အသိုင်းအဝိုင်းထဲတွင် လူအခွင့်အရေးအလုံအလောက်မရနိုင်ကြသည့် လူသားများအား စိတ်ပိုင်းဆိုင်ရာခွန်အားပေးစွမ်းနိုင်ရ န်ရည်ရွယ်ကာ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်နိုင်သည့် အကြောင်းအရင်းများ၊ မေ့ပျောက်မထားသင့်သည့် Rohingya လူမျိုးများ၏ စိတ်ကျန်းမာရေး၊ သို့တည်းသာမက LGBTQ+အသိုင်းအဝိုင်း၏ ကျော်ဖြတ်ရခက်ခဲသည့် စိတ်ပိုင်းဆိုင်ရာအခြေအနေ စသည့်အကြောင်းအရာများကို ကဏ္ဍပေါင်းမှ တတ်ကျွမ်းသည့်ပညာရှင်များ၊ Clinician များစွာဖြင့် ဖိတ်ကြားဆွေးနွေးခဲ့ပါတယ်။

          အဖွဲ့အစည်းအနေဖြင့် တစ်နှစ်ပြီးတစ်နှစ် မတူညီဆန်းသစ်သော အရွေ့ဖြင့် ညီလာခံများကျင်းပလာခဲ့ရာ 2023 ခုနှစ်တွင် Building Community Through Healing "ကုသခြင်းဖြင့်ပြန်လည်တည်ဆောက်ခြင်း" ဆိုတဲ့ခေါင်းစဉ်နှင့်အညီ မြန်မာနိုင်ငံ၏ မတည်ငြိမ်သောရိုက်ခတ်မှုများကြောင့် အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသူများအတွက် ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာခြင်းဖြစ်စေ၊ လူမှုအသိုင်းအဝိုင်းမှတစ်ဆင့်ဖြစ်စေ မဖိတ်ခေါ်ပဲရရှိခဲ့သည့် ကြေကွဲဝမ်းနည်းမှုတွေကို လက်ဆင့်ကမ်းခြင်းသည် ကျွန်မတို့မျိုးဆက်မှာသာ နောက်ဆုံးဖြစ်ရမည်ဟူသည့်  ရည်ရွယ်ချက်ဖြင့် ရိုဟင်ဂျာလူမျိုးများ၏ Community Healing၊ စစ်ဘေးသင့်တိုင်းရင်းသားလူမျိုးများ၏ စိတ်ကျန်းမာရေးကုစားရေးနည်းလမ်းများအပြင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၏ ရိုက်ခတ်မှုများအတွက် ကုစားရေး Coping နည်းလမ်းကောင်းများကို လိုအပ်သည့်အခန်းကဏ္ဍများအလိုက် သက်ဆိုင်ရာလူမှု့အဖွဲ့အစည်းများ၊ ကဏ္ဍပေါင်းစုံမှ‌ ခေါင်းဆောင်များနှင့်အတူ ဆွေးနွေးမှုများပြုလုပ်ခဲ့ပါတယ်။

          ထိုသည်သာမက လက်ရှိမြန်မာနိုင်ငံ၏ အကြပ်အတည်းကာလအတွင်းသက်ရောက်မှုများအနက် အထိအခိုက်အမြင့်ဆုံးနှင့် အပြင်းထန်ဆုံးအရာဖြစ်သည့် မိမိကိုယ်ကိုအဆုံးစီရင်ခြင်းကိစ္စများ၊ မိမိကိုယ်ကိုယ်နာကျင်စေရန်ပြုလုပ်သူများအတွက် အလေးအနက်ထားရည်ရွယ်ပြီး Jue Jue's Safe Space မှ ၂၄နာရီ စိတ်ကျန်းမာရေး ဝန်ဆောင်မှု ပေးနိုင်သည့် Suicide Helpline ကိုဖွင့်လှစ်ထားပြီး မိမိကိုယ်ကိုယ်အဆုံးစီရင်ခြင်းများ အဆက်မပြတ် ဖြစ်ပေါ်နေမှုများကို လက်လှမ်းမှီသလောက် ကူညီမှုများပေးနိုင်အောင် ကြိုးစားလျက်ရှိပါတယ်။  အမေရိကန်နိုင်ငံအသိအမှတ်ပြု သင်ရိုးညွှန်းတမ်းများကိုအသုံးပြုကာ Intensive Suicide Prevention Training ကို သုံးလတစ်ကြိမ်ဖြင့် ခြောက်ကြိမ်တိတိ စုစုပေါင်း လူဦးရေ ၁၆၅၄ဦးကျော်ကို သင်တန်းပေးနိုင်ခဲ့ပြီး ၈၃၉ဦးကို သင်တန်းဆင်းလက်မှတ်ပေးအပ်နိုင်ခဲ့ပါသည်။ သင်တန်းတက်ရောက်ပြီးမြောက်သူများကိုလည်း Volunteer အနေဖြင့်ပါဝင်နိုင်ရန် ဖိတ်ခေါ်ခဲ့ကာ ယခုအခါ Suicide Prevention Helpline တွင် Batch (1) မှ Batch (6) အထိ စေတနာ့ဝန်ထမ်းစုစုပေါင်း ၃၈၃ ဦးလုပ်ကိုင်လျက်ရှိပြီး တစ်နှစ်ကျော်အတွင်း လူပေါင်း (၅၆) ယောက်ကျော်ကို အရေးပေါ်တိုင်ပင်ဆွေးနွေးမှုများပြုလုပ်နိုင်ခဲ့ပြီးဖြစ်ပါပါတယ်။ ထို့အပြင် Volunteer လုပ်ကိုင်နေသူများအား တစ်လလျှင် တစ်ကြိမ် လစဉ် Continues Education Session များ အခမဲ့ စီစဉ်ပေးလျက်ရှိပြီး supervision session များကိုလည်း တစ်လလျှင် နှစ်ကြိမ် ပြုလုပ်ပေးလျက်ရှိပါတယ်။

          Organization အနေဖြင့် Technology ပိုင်းဆိုင်ရာနှင့် ပတ်သက်၍လည်း ပိုမို update ဖြစ်လာစေရန်၊ လူသားတိုင်း  စိတ်ကျန်းမာရေး ပံ့ပိုးမှုများ လွယ်ကူချော့မွေ့စွာရယူနိုင်ရန်အတွက်လည်း ပြုပြင်ပြင်ဆင်မှုများ ဆောင်ရွက်နေပါတယ်။

Jue Jue's Safe Space organization  ဟာဆိုရင် မြန်မာပြည်ဖွားတိုင်းရင်းသားလူမျိုးများ၏ စိတ်ကျန်းမာ‌ရေးကောင်းမွန်ရေးနှင့် ရင်တွင်းငြိမ်းချမ်းရေးမှ ပြည်တွင်းငြိမ်းချမ်းရေးကို ရှာဖွေတွေ့ရှိနိုင်ရန်   လုံခြုံစိတ်ချရတဲ့ နေရာလေးတစ်ခုအဖြစ် နောက်နှစ်တွေများစွာတိုင်အောင် အမြဲအစဉ်ကြိုးပမ်းလျက်ရှိနေမည်သာဖြစ်ပါတယ်။