အိမ်လွမ်းသူ

‘အိမ်’ ဆိုတာ ခမ်းနားနေဖို့ မလိုပေမယ့် နွေးထွေးမှု လုံခြုံမှုကို ပေးနိုင်တယ် မိသားစုရဲ့ အမှတ်တရ တွေကို ဖန်တီးပေးနိုင်တယ်၊ ‘အိမ်’ ဟာ အကောင်းဆုံး ခိုလှုံရာ နေရာတစ်ခု ဖြစ်တယ်။ ဒါပေမယ့် အခုအချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် အိမ်တွေကို စွန့်ခွာခဲ့ပြီး အိမ်ရဲ့ အဝေးမှာ နေနေကြရသူတွေ များစွာ ရှိပါတယ်။ အထူးသဖြင့် လူငယ်တွေဟာ ချစ်ရတဲ့ အိမ်တွေ မိသားစုတွေကို စွန့်ခွာပြီး ပြည်ပ ကို ထွက်ခွာကြရတဲ့အခါ အိမ်လွမ်းတဲ့စိတ်တွေကြောင့် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေလည်း များစွာ ဖြစ်နိုင်ပါတယ်။

အိမ်လွမ်းစိတ် (Homesickness) ကြောင့် ဖြစ်နိုင်တဲ့ လက္ခဏာတွေကတော့ ဝမ်းနည်းတာ၊ ငိုကြွေးတာ၊ စိတ်ပူပန်စိတ်များတာ၊ စိတ်တိုတာ၊ အထိမခံနိုင်အောင် စိတ်ဆတ်တာ၊ အာရုံစူးစိုက်နိုင်စွမ်း ကျဆင်းတာ၊ စိတ်ဓါတ်တက်ကြွမှု လျော့နည်းတာနဲ့ ဦးတည်ချက်မဲ့တာတွေ ဖြစ်နိုင်ပါတယ်။ ဒီလို စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေကနေ ရုပ်ပိုင်းဆိုင်ရာ အထိပါ သက်ရောက်မှု ရှိလာချိန်မှာတော့ ခေါင်းကိုက်တာ၊ မူးဝေတာ၊ အိပ်ချိန် များတာ၊ အိပ်ချိန် နည်းလွန်းတာ၊ အိပ်မပျော်တာနဲ့ အင်အားယုတ်လျော့ အားနည်းသလို နုံးခွေတာတွေ ဖြစ်နိုင်ပါတယ်။ ဒါတွေကို သက်သာလျော့ပါးစေမယ့် နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။

(၁) စိတ်ခံစားချက်တွေကို လက်ခံပါ
အိမ် ဆိုတဲ့အရာဟာ ဘယ်အချိန်မှာမဆို လွမ်းစရာ အရာတစ်ခု ဖြစ်သလို အိမ်နဲ့ ပတ်သက်တဲ့ လွမ်းစရာ ခံစားချက်တွေဟာ ပုံစံအမျိုးမျိုးနဲ့ ရှိနေမှာ ဖြစ်ပါတယ်။ ဒီခံစားချက်တွေကို လက်ခံလိုက်ပါ၊ အိမ်လွမ်းစိတ်ကြောင့် ငိုချင်နေရင် ငိုချလိုက်ပါ၊ အိမ်ကို လွမ်းနေတဲ့ အကြောင်းတွေကို journaling လုပ်ပြီး သင့်ရဲ့ ခံစားချက်တွေကို အသိအမှတ်ပြုလိုက်ပါ၊ လူတိုင်းက ကိုယ့်ရဲ့ အိမ်ကို လွတ်လပ်စွာ ဆွေးဆွေးမြေ့မြေ့ လွမ်းပိုင်ခွင့် ရှိကြပါတယ်။

(၂) အတူနေ မိတ်ဆွေတွေကို ရင်ဖွင့်ပါ
အိမ်နဲ့ ဝေးနေချိန်မှာ အိမ်လောက် ပြည့်ဝတဲ့ နွေးထွေးမှု မရနိုင်သည့်တိုင်အောင် အတူရှိနေတဲ့ မိတ်ဆွေ၊ ဘဝတူ သူငယ်ချင်းတွေဟာလည်း လိုအပ်တဲ့ လူမှုကွန်ယက်တစ်ခု ဖြစ်ပါတယ်။ ဒါ့ကြောင့် အတူရှိနေတဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ ခံစားချက်တူသူတွေကို ရင်ဖွင့်တာ၊ အိမ်အကြောင်း အမှတ်တရတွေ ပြောပြတာ၊ ခံစားချက် တွေကို အပြန်အလှန် နားထောင်ပေးတာကလည်း အနည်းဆုံးတော့ ခံစားချက်တွေကို သက်သာစေနိုင်မှာ ဖြစ်ပါတယ်။

(၃) နေ့စဥ် Routine ကို ပုံမှန်လုပ်ပေးပါ
အိမ်ကိုလွမ်းစိတ်နဲ့ အမြဲ မှိုင်တွေနေမယ့်အစား ကိုယ့်ရဲ့ ပုံမှန် နေ့စဥ်ဘဝကိုလည်း အကျိုးရှိစွာ ဖြတ်သန်းဖို့ လိုပါတယ်။ တကိုယ်ရေ သန့်ရှင်းရေးကစလို့ ကိုယ့်ရဲ့ သင်ယူမှု၊ အလုပ်ခွင် စတဲ့ နေရာတွေ မှာ အသားကျ နေဖြစ်အောင်၊ ပုံမှန် Routine ကို ပြုလုပ်ပေးခြင်းက စိတ်အပြောင်းအလဲ ဖြစ်စေတာကြောင့် အိမ်လွမ်းစိတ်တွေကို အတိုင်းအတာ တစ်ခု အထိ သက်သာစေမှာ ဖြစ်ပါတယ်။

(၄) self-care လုပ်ပေးပါ
Self-care ဟာ နေ့စဥ်ဘဝမှာ မရှိမဖြစ် လိုအပ်ပါတယ်၊ အထူးသဖြင့် အိမ်လွမ်းစိတ်ကြောင့် စိတ်ပျက်အားငယ်နေချိန် ၊ အထီးကျန်စိတ် ခံစားရချိန် ၊ စိတ်ပျော်ရွှင်မှု ပျောက်ဆုံးပြီး ဝမ်းနည်းနေချိန်မှာလည်း Self-care ကို ပြုလုပ်ပေးခြင်းက စိတ်ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုမှာ ဖြစ်ပါတယ်။ Self-care နည်းလမ်းတွေ များစွာ ရှိသလို ကိုယ်နဲ့ သင့်တော်ပြီး အဆင်ပြေမယ့် နည်းလမ်းတစ်ခုကို ရွေးချယ်ပြီး ပုံမှန် ပြုလုပ်ပေးဖို့ အရေးကြီးပါတယ်။

(၅) မိသားစုဝင်တွေနဲ့ ဆက်သွယ်ပါ
အိမ်မှာ ရှိနေတဲ့ မိသားစုဝင်တွေနဲ့ ဆက်သွယ်တာက လူချင်းဝေးပေမယ့် စိတ်ချင်းနီးစပ်စေဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ ပုံမှန် ဖုန်းဆက်တာ၊ အပြန်အလှန် စာပို့ ဆက်သွယ်တာ၊ သာကြောင်း မာကြောင်း မေးပြီး အိမ်ရဲ့ အခြေအနေကို အမြဲသိဖို့ ကြိုးစားနေတာကလည်း အိမ်လွမ်းစိတ်ကို အနည်းငယ် သက်သာစေနိုင်ပါတယ်။ ဒါပေမယ့် ဒီိလို ဆက်သွယ်တာကို ပုံမှန်ထက် ပိုပြီး လုပ်ဖြစ်တဲ့အခါမှာလည်း အိမ်လွမ်းစိတ်နဲ့ အိမ်ပြန်ချင်စိတ် ပိုဆိုးနိုင်တာကြောင့် အလွန်အကျွံ ဆက်သွယ်တာမျိုး မပြုလုပ်မိစေဖို့တော့ လိုပါတယ်။
အိမ်လွမ်းသူ
ကျွန်မတို့တွေဟာ အိမ် ကို စွန့်ခွာရပြီး အဝေးတနေရာမှာ နေရတဲ့ အချိန်တွေကို တချိန်မဟုတ် တချိန် ဖြတ်သန်းရလေ့ရှိပါတယ်။ ဒီအချိန်မှာ အိမ်လွမ်းတဲ့ စိတ်တွေကြောင့် နာကျင်ကြေကွဲရစေသလို နောက်ဆက်တွဲ စိတ်ကျန်းမာရေး ပြဿနာတွေပါ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် အိမ်လွမ်းသူ တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေ သက်သာစေမယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ရခြင်း ဖြစ်ပါတယ်။ အခု ဒီစာကို ဖတ်နေရင်းနဲ့ ခံစားချက်နဲ့ တိုက်ဆိုင်တာ၊ မျှဝေချင်တာ ရှိရင်လည်း comment မှာ မျှဝေပေးခဲ့ပါဦး။
 
Reference
2023, WHO, ‘Mental health of refugees and migrants: risk and protective factors and access to care’ accessed from https://www.who.int/publications/i/item/9789240081840
2023, Elizabeth Perry, How to handle homesickness and find comfort in new places, accessed from https://www.betterup.com/blog/how-to-handle-homesickness
 
ဒီဇင်ဘာ 11, 2025

အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ

“အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ” ‘အိမ်’ ဆိုတဲ့အရာဟာ လူတိုင်းအတွက် အဓိပ္ပါယ်လေးနက်မှုတွေ အပြည့်ရှိပါတယ်။ ‘နွေးထွေးတဲ့

နိုဝင်ဘာ 24, 2025

အိမ်လွမ်းသူ

အိမ်လွမ်းသူ ‘အိမ်’ ဆိုတာ ခမ်းနားနေဖို့ မလိုပေမယ့် နွေးထွေးမှု

နိုဝင်ဘာ 10, 2025

သုညကနေပြန်စကြပါစို့

သုညကနေပြန်စကြပါစို့ ‘ဒီလို ဖြစ်လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး’ ဘဝကြီးကို မျှော်လင့်ချက်များစွာနဲ့ ရှေ့ကို

အောက်တိုဘာ 22, 2025

Let’s Use Relaxation Cards for Better

Let’s Use Relaxation Cards for Better

စက်တင်ဘာ 22, 2025

မထိုက်တန်သူ

မထိုက်တန်သူ ကိုယ့်ကိုယ်ကို အရာအားလုံးနဲ့ မထိုက်တန်သူလို့ ခံစားနေရလား။ ကိုယ်ရောက်ရှိနေတဲ့နေရာ၊

my_MMMY