အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ
“အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ”
 
‘အိမ်’ ဆိုတဲ့အရာဟာ လူတိုင်းအတွက် အဓိပ္ပါယ်လေးနက်မှုတွေ အပြည့်ရှိပါတယ်။
 
‘နွေးထွေးတဲ့ အိမ်၊ မိသားစုတွေ အတူစုံမယ့် အိမ်၊ လုံခြုံမှုနဲ့ ထွေးပွေ့ပေမယ့် အိမ်’
 
ဒီ ‘အိမ်’ ကို ပြန်ဖို့ ကြိုးစားနေရင်းနဲ့ပဲ ‘အိမ်’ နဲ့ ဝေးနေသူတွေ၊ အိမ်ကို လွမ်းဆွတ်နေသူတွေ၊ အိမ်ပြန်ဖို့ လမ်းစ ပျောက်နေသူတွေ အများကြီး ရှိကြမှာပါ။ လက်ရှိ အနေအထားအရ အိမ်ကို မပြန်နိုင်သူတွေ ရှိသလို ပညာရေးနဲ့ ဘဝတိုးတက်ရေး၊ စီးပွားရှာရေး စတဲ့ အရေးတွေကြောင့် အိမ်ကို စွန့်ခွာ ခဲ့ရပေမယ့် တနေ့နေ့မှာ အိမ်ပြန်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေကို အများစုက ဆုပ်ကိုင်ထားကြတယ်ဆိုတာ ငြင်းလို့မရပါဘူး။
 
ဒီလို အိမ်နဲ့ ဝေးနေတဲ့အချိန်မှာ ကိုယ့်ရဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့တော့ သိပ်ကို အရေးကြီးပါတယ်။ အိမ်ပြန်ချင်တဲ့ စိတ်က ကြီးစိုးလာတယ်၊ အိမ်ပြန်ဖို့ မျှော်လင့်ချက်တွေကလည်း ဝေးနေသေးတယ်ဆိုရင် ကိုယ့်ရဲ့ စိတ်ကို ဘယ်လို ဖြေသိမ့်မလဲ?
 
(၁) လက်ရှိ အနေအထားကို ကျေးဇူးတင်ပါ
သင့်ရဲ့ လက်ရှိ အခြေအနေက ‘အိမ်’ လိုမျိုး နွေးထွေးမှု၊ လုံခြုံမှု ၊ မိသားစုတွေ မရှိနေပေမယ့် တခြားပိုင်ဆိုင်ထားတဲ့ အရာတချို့အတွက် အသိအမှတ်ပြု ကျေးဇူးတင်ပေးဖို့ လိုပါတယ်။ အခု အချိန်မှာ သင်ဟာ အသက်ရှင်နေတယ်၊ သင့်မှာ စားဖို့ အရာတွေ၊ နေဖို့ နေရာတွေ ရှိနေသေးတယ်၊ မိသားစုရဲ့ အဝေးမှာ အတူဖေးမပေးမယ့် တချို့ မိတ်ဆွေတွေရှိမယ်၊ နားလည်ပေးနိုင်မယ့် တချို့ ချစ်ခင်သူတွေ ရှိမယ်၊ ဒါတွေက သင့်အတွက် ဆုလာဘ်တွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် လက်ရှိ အနေအထားကိုလည်း လက်ခံပြီး ကျေးဇူးတင်တတ်ဖို့ အရေးကြီးပါတယ်။
 
(၂) ကူညီမယ့်ကမ်းလက် ကို ဖမ်းဆုပ်ပါ
စိတ်ထဲမှာ မွန်းကြပ်နေတဲ့အချိန် တစုံတယောက်ကို ရင်ဖွင့်ချင်ရင် ရင်ဖွင့်လိုက်ပါ၊ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး အကူအညီလိုအပ်တယ် ဆိုရင် အကူအညီ ယူလိုက်ပါ။ အထူးသဖြင့် ‘အိမ်’ နဲ့ ဝေးနေချိန် ၊ နိုင်ငံရပ်ခြားမှာ ရှင်သန်နေထိုင်ရချိန်တွေဟာ ခက်ခဲမှုနဲ့ အထီးကျန်မှုတွေ ရှိနိုင်ပါတယ်။ ဒါတွေကို သက်သာစေမယ့် နည်းလမ်းတွေ၊ ကူညီပေးမယ့် လူတွေနဲ့ ဆက်သွယ်ပြီး စိတ်ကို အေးချမ်း ပျော်ရွှင်အောင် ထားဖို့ အရေးကြီးပါတယ်။
 
(၃) မျှော်လင့်ချက်ကို အားအင်အဖြစ် ပြောင်းပါ
‘အိမ်’ ကို ပြန်မယ်ဆိုတဲ့ မျှော်လင့်ချက်ဟာ အိိမ်နဲ့ ဝေးနေသေးချိန်မှာ ရင်နဲ့အမျှ နာကျင်ရပေမယ့် ဒါကို အားအင်တခု အဖြစ်ပြောင်းလဲ လို့ရပါတယ်။ အခြေအနေတွေ ကောင်းသွားတဲ့ အချိန်မှာ ၊ အရာအားလုံးက အဆင်ပြေချောမွေ့သွားတဲ့ အချိန်မှာ ‘အိမ်’ ကို အောင်မြင်မှုတွေ တပွေ့တပိုက်နဲ့ ပြန်သွားနိုင်ဖို့ သင့်မှာ အခွင့်အရေးတွေ ရှိနေပါတယ်။ ဒါ့ကြောင့် ဒါတွေကို တွန်းအားအနေနဲ့ ပြောင်းလဲပြီး အိမ်ပြန်ခရီးစဥ်တွေ လှပဖို့ အပြည့်အဝ ကြိုးစားလိုက်ပါ။
 
(၄) အနေဝေးပေမယ့် စိတ်ချင်းနီးနိုင်ပါတယ်
‘အိမ်’ ကို လွမ်းနေတဲ့ စိတ်တွေဟာ အိမ်နဲ့ အနီးဆုံးမှာ ရှိချင်တဲ့ ဆန္ဒတွေကနေ ပေါက်ဖွားလာတာ ဖြစ်သလို အခုလက်ရှိ အနေအထားနဲ့လည်း အိမ်ကို စိတ်ချင်း ဆက်သွယ်လို့ ရပါတယ်။ အိမ်နဲ့ အဝေးကနေပဲ ဆက်သွယ်မလား၊ မိသားစုတွေနဲ့ အွန်လိုင်းကနေ စကားပြောရင်းနဲ့ပဲ အလွမ်းဖြေမလား၊ ဒါကလည်း အနေဝေးပေမယ့် နီးစပ်ဖို့ ကူညီနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ ဆက်သွယ်ရ ခက်ခဲနေရင်လည်း အိမ်ရဲ့ အမှတ်တရတွေ၊ အိမ် ၊ မိသားစုရဲ့ ပျော်ရွှင်ဖွယ်ရာ အတိတ်နေ့ရက်တွေကို ပြန်တွေးရင်းနဲ့ စိတ်ကို အိမ်နဲ့ အနီးဆုံးမှာ ပို့ထားလိုက်လို့ ရပါတယ်။
 
(၅) ကျန်းမာရေးကို ဂရုစိုက်ပါ
အများစုက အိမ်နဲ့ ဝေးနေချိန်မှာ ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဂရုစိုက်ဖို့ မေ့လျော့တတ်ကြပါတယ်။ အထူးသဖြင့် အလွယ်တကူ ပြင်ဆင်နိုင်မယ့် Ready Made အစားအသောက်တွေကို အမြဲစားဖြစ်တာ၊ အိပ်ချိန် စားချိန် မမှန်တာ၊ အလုပ်ကို လွန်ကဲစွာ လုပ်တာ ၊ ကိုယ့်ရဲ့ စိတ်ကို ဖြေဖျောက်ဖို့အတွက် အရက်၊ ဆေးလိပ်နဲ့ မူးယစ်ဆေးဝါးတွေ သုံးစွဲတာစတဲ့ လုပ်ရပ်တွေက အိမ်နဲ့ ဝေးနေချိန်မှာ ကိုယ့်ရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ အချက်တွေ ဖြစ်ပါတယ်။
 
‘အိမ်’ ဆိုတာ ပြန်တွေးလိုက်တိုင်း လွမ်းဆွတ်ရသလို လွမ်းတိုင်း ပြန်လာချင်တဲ့ နေရာတခု ဖြစ်ပါတယ်။ လွမ်းတိုင်း ပြန်လာရဖို့အတွက် အဆင်မပြေသေးတဲ့အချိန် ၊ အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အချိန်မှာ ကိုယ့်ရဲ့ စ်ိတ်နဲ့ ခန္ဓာကိုယ်ကို အထူးဂရုစိုက်ပြီး ရည်မှန်းချက်တွေကို အကောင်အထည် ဖော်ရင်းနဲ့ အိမ်ပြန်မယ့် ရက်တွေကို အတူတူ စောင့်မျှော်ကြရအောင်နော်။
 
အခုဒီစာကို ဖတ်နေတဲ့သူတွေ အနေနဲ့ ‘အိမ်’ နဲ့ ပတ်သက်လို့ ကိုယ့်ရင်ထဲမှာ ဖြစ်ပေါ်လာတဲ့ ခံစားချက် တခုကို comment ကနေ ရေးခဲ့ပြီး အပြန်အလှန် ရင်ဖွင့်ကြမယ်နော်။
Disclaimer- ခံစားချက်ဖြင့် ရေးသားခြင်း ဖြစ်သည်။
 
ဒီဇင်ဘာ 11, 2025

အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ

“အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ” ‘အိမ်’ ဆိုတဲ့အရာဟာ လူတိုင်းအတွက် အဓိပ္ပါယ်လေးနက်မှုတွေ အပြည့်ရှိပါတယ်။ ‘နွေးထွေးတဲ့

နိုဝင်ဘာ 24, 2025

အိမ်လွမ်းသူ

အိမ်လွမ်းသူ ‘အိမ်’ ဆိုတာ ခမ်းနားနေဖို့ မလိုပေမယ့် နွေးထွေးမှု

နိုဝင်ဘာ 10, 2025

သုညကနေပြန်စကြပါစို့

သုညကနေပြန်စကြပါစို့ ‘ဒီလို ဖြစ်လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး’ ဘဝကြီးကို မျှော်လင့်ချက်များစွာနဲ့ ရှေ့ကို

အောက်တိုဘာ 22, 2025

Let’s Use Relaxation Cards for Better

Let’s Use Relaxation Cards for Better

my_MMMY