‘စိတ်ထောင်းတော့ ကိုယ်ကြေ’ ဆိုတဲ့စကား ကြားဖူးကြမှာပါ။
သင့်ရဲ့ စိတ်ခံစားမှုနဲ့ စိတ်ကျန်းမာရေး အခြေအနေဟာ ခန္ဓာကိုယ်ပေါ်မှာ များစွာ သက်ရောက်မှု ရှိနေပါတယ်။ အထူးသဖြင့် စိတ်ဖိစီးမှုတွေ ၊ စိုးရိမ်ပူပန်မှုတွေနဲ့ စိတ်ဓါတ်ကျမှုတွေဟာ ခန္ဓာကိုယ်မှာ တချို့သော ရောဂါလက္ခဏာတွေကို ခံစားရစေနိုင်ပြီး တခါတရံမှာတော့ ရှိပြီးသား ရောဂါတွေကို ပိုဆိုးနိုင်တာလည်း ရှိနိုင်ပါတယ်။ ဒါကို ဆေးပညာနဲ့ စိတ်ပညာမှာတော့ Psychosomatic Disorder (ကိုယ်စိတ်ဆက်စပ်ဝေဒနာ) လို့ ပြောကြပြီး ဒီအခြေအနေဟာ လူတိုင်းမှာ တချိန်မဟုတ် တချိန်ဆိုသလို ကြုံတွေ့ခံစားရနိုင်ပါတယ်။

ဘာကြောင့် Psychosomatic Disorder ကို ခံစားကြရတာလဲ ဆိုရင် စိတ်ခံစားချက်တွေကြောင့် ဦးနှောက်ရဲ့ ထိန်းချုပ်ကန့်သတ်မှုအောက်မှာ ရှိမနေတဲ့ အပိုင်း တနည်းအားဖြင့် involuntary nervous system နဲ့ ဟော်မုန်းထုတ်လုပ်မှု ဖြစ်စဥ်တွေမှာ သက်ရောက်မှု ရှိရာကနေ နောက်ဆက်တွဲ အနေနဲ့ ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေ ကြုံတွေ့ရတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် စိတ်တိုဒေါသထွက်တဲ့ အချိန်မှာ သွေးပေါင်ချိန်တွေ တက်လာမယ်၊ နှလုံးခုန်တွေ မြန်လာမယ်၊ အသက်ရှုမြန်လာမယ် စသဖြင့် ခံစားရတာဟာ Psychosomatic Disorder ကို ကြုံတွေ့ခံစားရတာ ပဲ ဖြစ်ပါတယ်။

များသောအားဖြင့် Psychosomatic disorder တွေဟာ ခန္ဓာကိုယ်ရဲ့ နေရာအနှံ့မှာ ဖြစ်နိုင်ပြီး အဓိကအားဖြင့် နှလုံးသွေးကြောနဲ့ အစာအိမ်မှာ လက္ခဏာတွေကို ပိုတွေ့ရနိုင်ပါတယ်။ စိတ်ဖိစီးမှုနဲ့ စိတ်ခံစားမှုတွေကြောင့် ရောဂါ လက္ခဏာ အနေနဲ့ ရင်ဘက်အောင့်ခြင်း၊ အိပ်မပျော်ခြင်း၊ ခေါင်းကိုက်မူးဝေခြင်း၊ သွေးပေါင်ချိန်တက်ခြင်း၊ အစာစားချင်စိတ် လျော့နည်းခြင်း၊ မကြာခဏ ဖျားနာခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ဒါတင်မကပဲ စိတ်ခံစားမှု အခြေအနေကြောင့် တချို့သော ရောဂါတွေကို ထိန်းချုပ်ရခက်ခဲတာတွေ ဖြစ်နိုင်ပါတယ်။ ဥပမာအားဖြင့် ဆီးချို ထိန်းချုပ်ရ ခက်ခဲခြင်း၊ နှလုံးရောဂါ အခြေအနေ ပိုဆိုးလာခြင်း၊ သွေးပေါင် ထိန်းချုပ်ရခက်ခဲခြင်း၊ အစာအိမ်ပြဿနာတွေ ပိုပြင်းထန်ခြင်း စတာတွေကို ကြုံတွေ့ရနိုင်ပါတယ်။

Psychosomatic disorder ဆိုတဲ့ စိတ်ထောင်းကိုယ်ကြေမဖြစ်ရအောင် စိတ်နဲ့ ခန္ဓာကိုယ်ဆက်စပ်နေတာ ဖြစ်တာကြောင့် ကုသတဲ့ အခါမှာ စိတ်ကျန်းမာရေးနဲ့ ဆေးပညာ ပေါင်းစပ်ကုသရတာလည်း ရှိနိုင်ပါတယ်။ အဓိကအားဖြင့် ရောဂါရဲ့ အခြေအနေနဲ့ ပြင်းထန်မှု ပေါ်မှာ မူတည်ပြီး ကုသနိုင်တဲ့ နည်းလမ်းတွေ ကွဲပြားသွားနိုင်ပါတယ်။ သိပ်မပြင်းထန်တဲ့ Psychosomatic disorder တွေအတွက်တော့ ကိုယ်တိုင် စိတ်ကျန်းမာရေးကို ဂရုစိုက်ပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို သက်သာစေခြင်းအားဖြင့် ဝေဒနာတွေကို လျော့ပါးစေမှာ ဖြစ်ပါတယ်။ သင်ကိုယ်တိုင်ပြုလုပ်နိုင်မယ့် Psychosomatic Disorder သက်သာစေဖို့ နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။

(၁) လေ့ကျင့်ခန်း ပြုလုပ်ခြင်း
သင့်တင့်တဲ့ ခန္ဓာကိုယ် လှုပ်ရှားမှုကို ပုံမှန် ပြုလုပ်ပေးတာဟာ စိတ်ရော ကိုယ်ပါ ကျန်းမာစေသလို ဟော်မုန်းတွေကို ထိန်းညှိပေးနိုင်တာကြောင့် စိတ်ဖိစီးမှုတွေကို အထိုက်အလျောက် သက်သာစေပါတယ်။ ဒီလို ပုံမှန် ကိုယ်လက်လှုပ်ရှား မပျက်မကွက် လုပ်ဖြစ်တာဟာ ကိုယ့်ကိုယ်ကို ယုံကြည်လေးစားမှုကို ပိုမို မြင့်တက်စေနိုင်သလို Psychosomatic disorder တွေ ကုသရာမှာ ထိရောက်မှု ရှိကြောင်း လေ့လာမှုတွေအရ တွေ့နိုင်ပါတယ်။ ဥပမာ- တနေ့ကို မိနစ် ၃၀မှ ၆၀ ခန့် ချွေးထွက်စေအောင် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်တာဟာ စိတ်ရောလူပါ ကြည်လင်တက်ကြွစေပါတယ်။

(၂) ယောဂ ကျင့်ခြင်း
ယောဂ ပြုလုပ်ခြင်းက ခန္ဓာကိုယ်နဲ့ စိတ်ကို ကောင်းမွန်တဲ့ နည်းလမ်းနဲ့ ပြန်လည် ချိတ်ဆက်စေတာ ဖြစ်တာကြောင့် ယောဂပြုလုပ်ခြင်း အားဖြင့် မိမိလက်ရှိ ခံစားနေရတဲ့ စိတ်ခံစားချက်တွေနဲ့အတူ ဆက်စပ်နေတဲ့ ခန္ဓာကိုယ်ရဲ့ ဝေဒနာတွေကို သတိပြုမိမှာ ဖြစ်သလို ဒါတွေကို ထိန်းချုပ်နိုင်စွမ်းလည်း ပိုမို မြင့်တက်လာမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ယောဂပြုလုပ်ခြင်းအားဖြင့် အသက်ရှုခြင်း နဲ့ ငြိမ်သက်ခြင်းကို ကောင်းစွာ လေ့ကျင့်ဖြစ်မှာ ဖြစ်သလို ဒါဟာ စိတ်ဖိစီးမှုနဲ့ ကြောက်ရွံ့မှု စိုးရိမ်ပူပန်မှုတွေကို အကောင်းဆုံး လျော့ပါးသက်သာစေဖို့ ကူညီပေးနိုင်ပါတယ်။

(၃) ခန္ဓာကိုယ်ကို ထိတွေ့နှိပ်နယ်ခြင်း
ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ဟာ တခါတရံမှာ ထိတွေ့မှုတချို့၊ ဂရုတစိုက်နဲ့ ညှင်သာစွာ ကိုင်တွယ်မှုတွေ ပြုလုပ်ပေးဖို့ လိုပါတယ်။ Osteopathy လို့ခေါ်တဲ့ လက်ရဲ့ အားကို အသုံးပြုပြီး ခန္ဓာကိုယ်ကို နှိပ်နယ်ပေးတာကလည်း စိတ်ဖိစီးမှုတွေကို လျော့ပါးသက်သာစေတဲ့ နည်းလမ်းတခုဖြစ်ပါတယ်။ ဒီလိုပြုလုပ်ပေးခြင်းက ဦးနှောက်အာရုံကြော၊ သွေးလှည့်ပတ်မှုနဲ့ ခန္ဓာကိုယ်ရဲ့ သွေးပြန်ရည်စနစ်တွေကို ထိရောက်မှု ရှိတာကြောင့် Psychosomatic Disorder တွေအတွက် အကောင်းဆုံး ကုသနည်းဖြစ်ပါတယ်။ မှန်ကန်တဲ့ နည်းလမ်းနဲ့ ထိတွေ့နှိပ်နယ် နိုင်ဖို့အတွက် ကျွမ်းကျင်ပညာရှင်ရဲ့ လမ်းညွှန်ပြသမှုနဲ့ ပြုလုပ်မယ်ဆိုရင်တော့ ပိုမိုထိရောက် သက်သာစေမှာ ဖြစ်ပါတယ်။

(၄) Lifestyle ဆိုတဲ့ လူနေမှု ပုံစံ ကို အထူးဂရုစိုက်ခြင်း
ကိုယ့်ရဲ့ ပုံမှန် လုပ်နေကျ လူနေမှု ပုံစံကလည်း စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို များစွာသက်ရောက်မှု ရှိနေနိုင်ပါတယ်။ ဥပမာအားဖြင့် အိပ်စက်ချိန် အပြည့်အဝအိပ်တာ၊ အာဟာရ ပြည့်ဝစွာ စားသုံးတာ၊ Me Time အပြည့်အဝပေးပြီး အနားယူတာ၊ ကိုယ်ဝါသနာပါတဲ့ အရာတွေအတွက် အချိန်ပေးတာ၊ သဘာဝနဲ့ ထိတွေ့ပေးတာ၊ Journaling ရေးတာ စတဲ့ အပြုအမူတွေက စိတ်ဖိစီးမှုတွေကို အကောင်းဆုံးသက်သာစေဖို့ ကူညီပေးနိုင်ပါတယ်။

(၅) ဘာသာရေးအရ ဝတ်ပြုဆုတောင်းခြင်း
ကိုယ့်ရဲ့ ကိုးကွယ်ယုံကြည်မှုအရ ဝတ်ပြုဆုတောင်းတာ၊ စိတ်တည်ငြိမ်အောင် ဘာသာတရားကို အချိန်ပေးတာ၊ တရားထိုင်တာတွေကလည်း စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လျော့ပါးသက်သာစေမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် တနေ့တာမှာ ဘာသာရေးအတွက် အချိန်သီးသန့်ပေးတာက စိတ်ကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲ ခန္ဓာကိုယ် ပြဿနာတွေကို သက်သာစေမှာ ဖြစ်ပါတယ်။

အခုပြောခဲ့တဲ့ နည်းလမ်းတွေနဲ့ မသက်သာဘူးဆိုရင်တော့ ကျွမ်းကျင်တဲ့ စိတ်ကျန်းမာရေး ပညာရှင်နဲ့ ဆွေးနွေးမှု ခံယူတာ၊ လိုအပ်တဲ့ ကုသမှုခံယူတာ နဲ့ စိတ်ကျန်းမာရေးအတွက် လိုအပ်တဲ့ ဆေးဝါးတွေကို ဆရာဝန် ညွှန်ကြားချက်အရ သုံးစွဲတာတွေ ပြုလုပ်ပေးသင့်ပါတယ်။ စိတ်ကျန်းမာရေးကို ဂရုစိုက်တာဟာ ခန္ဓာကိုယ်အတွက်ပါ ကောင်းကျိုးရနိုင်တာကြောင့် Psychosomatic Disorder တွေကို သက်သာစေဖို့ မျှဝေလိုက်ရပါတယ်။
Reference
Afsaneh Khetrapal, April 2023, Psychosomatic Disorder Treatment Options
 
December 11, 2025

အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ

“အိမ်ပြန်ချိန်တွေ ဝေးနေတဲ့အခါ” ‘အိမ်’ ဆိုတဲ့အရာဟာ လူတိုင်းအတွက် အဓိပ္ပါယ်လေးနက်မှုတွေ အပြည့်ရှိပါတယ်။ ‘နွေးထွေးတဲ့

November 24, 2025

အိမ်လွမ်းသူ

အိမ်လွမ်းသူ ‘အိမ်’ ဆိုတာ ခမ်းနားနေဖို့ မလိုပေမယ့် နွေးထွေးမှု

November 10, 2025

သုညကနေပြန်စကြပါစို့

သုညကနေပြန်စကြပါစို့ ‘ဒီလို ဖြစ်လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး’ ဘဝကြီးကို မျှော်လင့်ချက်များစွာနဲ့ ရှေ့ကို

October 22, 2025

Let’s Use Relaxation Cards for Better

Let’s Use Relaxation Cards for Better

September 22, 2025

မထိုက်တန်သူ

မထိုက်တန်သူ ကိုယ့်ကိုယ်ကို အရာအားလုံးနဲ့ မထိုက်တန်သူလို့ ခံစားနေရလား။ ကိုယ်ရောက်ရှိနေတဲ့နေရာ၊

en_USEN